Tuesday, September 1, 2009

ကောင်းကင်ရင်ခွင်ကို ကြွေလွင့်တဲ့နှလုံသားလမင်း

မြေလတ် မြို့လေးတစ်မြို့ရဲ့ရင်ခွင်ထဲကနေ မုတ်သုန်ရနံ့တွေကို ဆွဲထုတ်ပစ်ဖို့ မြောက်ပြန်လေက ဖြူလျှလျှနှင်းစက်တွေကို မဟာမိတ်ဖွဲ့လို့ စောစောစီးဝင်ရောက်လာတာဖြစ်လို့အဲ့ဒီနှစ်က ဆောင်းအ၀င်စောခဲ့တယ်။ အပူအအေးပြင်းထန်လွန်းတဲ့ အလယ်ပိုင်းဒေသက မြို့လေးတစ်မြို့ရဲ့အရိပ်တွေက နှင်းမြူဖွေးဖွေးတွေလို ကျွန်တော့ အတွေးထဲနေရာတိုင်းမှာ စိုးမိုးလွန်းနေတယ်။
ပျော်ရာမှာဘ၀မှာ ဘယ်သူများနေရလို့လဲ လမင်းငယ် တော်ရာမှာပဲနေရတဲ့ဘ၀မှာ ပျော်သလို နေနိုင်အောင် စွမ်းအားတွေပေးခဲ့တဲ့ခင်ဗျားလေးကို ကျေးဇူးတင်ပါတယ်။ အကြင်နာအနမ်းတွေနဲ့ ချစ်ခြင်းမိုးစက်တွေ ပေးခဲ့လို.ပဲဖြစ်ဖြစ် နာကျင်အလွမ်းတွေနဲ့ရင့်ကျက်မူ့တွေ ပေးခဲ့လို့ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ပေါ့။




၂၀၀၅ ခုနှစ်ရဲ. သီတင်းကျွတ် လပြည့်နေ့ညမှာမှတ်မိသေးလား လမင်းငယ်။ ကျွန်တော်တို့ ဘုရားသွားကြမယ် ဆီမီးကိုးထောင်ထွန်းကြမယ်ဆိုပြီး ချိန်းထားကြတာလေ။ ကျွန်တော်မှာ ချိန်းတဲ့နေ့က ပျော်လွန်းလို့ အိပ်မက်ထဲမှာ မိုးကိုတောင် ဒူးနဲ့တက်ဆောင့်မိတယ် မနက်ကျတော့ ဒူးတွေနာလို့။
လမင်းငယ် ချိန်းထားရင်လွဲတက်တယ်တဲ့။ ရည်ရွယ်ထားတဲ့အတိုင်းမဖြစ်တက်တဲ့ ကျွန်တော့ ကံကြမ္မာက အနားကပ်ပြီး ကပျက်ကယက် လုပ်လိုက်တယ်ထင်ပါရဲ့။ ဘုရားကိုမသွားဖြစ်ဘူး။ လမင်းငယ်ရဲ့ မသွားချင်ဘူးဆိုတဲ့ စကားတစ်ခွန်းက ကျွန်တော့်အတွက် အကြောင်းပြချက်မလိုဘဲ လမင်းငယ် အလိုကျ ဖြစ်စေခဲ့ရတယ် ။
''တစ်အိမ်လုံးဘုရားသွားကြမှာ နယ်ကဧည့်သည်တွေလည်းလိုက်ပို့ရင်းနဲ့လေ အဲဒါကြောင့် လမင်းငယ်နဲ.မောင်လေး အိမ်စောင့်ရမှာ "
'ဒီတော့ လပြည့်ညမှာဘုရားမသွားဖြစ်ကြတော့ဘူးပေါ့ ။ "
"အင်း အိမ်မှာပဲဆီမီးထွန်းတော့မယ် "
"ဒါဆိုအိမ်ကိုလာခဲ့မယ်"
"အယ် အိမ်ကို လာလို့မရဘူးလေ အဆူခံရမှာပေါ့"
"လူကြီးတွေမရှိဘူးဆို "
"မောင်လေးရှိတယ်"
"မောင်လေးကို မုန်.ကျွေးထားမှာပေါ့"






ဒီလိုနဲ. သီတင်းကျွတ်ညလေးတစ်ညမှာ ချစ်သူအိမ်ရှေမှာ ဆိမီးထွန်းဖို. မြင့်စတိုးကနေ ရောင်စုံဖယောင်းတိုင်တွေဝယ်လာတယ်။ နောက်ပြီး မီးပုံးပျံတစ်လုံး အသည်းပုံ ပူပေါင်းတွေရယ် မီးရှူးတွေရယ် ၀ယ်ပြီး ချစ်သူရှိရာ ကို အပြေးတစ်ပိုင်းနဲ့မောလို.မောရမှန်းတောင် မသိဘူး။ ရွှေယောက်ဖအတွက်လည်း မျက်နှာလုပ်ဖို့ လုပ်ရသေးတယ်။ ဒါတောင် ကောင်လေးက သူအစ်မကို မျက်စိအောက်က အပျောက်ခံတာမဟုတ်ဘူး မကျေနပ်သေးဘူး ညီလေးစားဖို့မုန့်ဖိုးဆိုပြီး နယားလေး တစ်ကောင်ထုတ်ပေးလိုက်မှ ကျေနပ်သွားတယ်။ အဲဒီလိုလည်းပေးလိုက်ရော ဦးလေးလို လူမျိုးဆယ်ယောက်လောက်ကို သူငယ်ချင်းလုပ်မထားရကောင်းလားဆိုပြီး သူအစ်မကို ပွစိပွစိ နဲ့ပြောနေသေးတယ်။
ကျွန်တော်တို့ရဲ့သီတင်းကျွတ်ပါတီလေးအတွက် လမင်းငယ် တို့ခြံရှေ့မှာ သုံးယောက်သား ဖယောင်းတိုင်တွေလိုက်စိုက်ကြတယ်။ မီးပုံးနှစ်ခု ကို ခြံတခါးမကြီးမှာ ချိတ်တုန်း လမင်းငယ်က အရပ်နဲ့မမှီလို့ ခြေဖျားထောက်ပြီး ချိတ်နေတာကို ကြည့်ပြီးရယ်မိတော့ ကျွန်တော့ လက်မောင်းကို လက်သီးဆုပ် နုနုလေးတွေနဲ. လိုက်ထုပါလေရော ။ ကျွန်တော်လည်း နာချင်ယောင်ဆောင် အော်တော့မှ လမင်းငယ်ကျေနပ်သွားတယ်လေ ။
လမင်းငယ်ရဲ့မောင်လေးက ဗျောက်အိုးတွေ ယူလာပြီးဖေါက်တော့ နားနှစ်ဘက်ကိုပိတ် ဇက်ကလေးကိုပုပြီး ကျွန်တော့်ရင်ခွင်ထဲ အမှတ်တမဲ့ ပြေးဝင်လာတော့ ပျော်လိုက်တာ။ ဒါပေမဲ့ သိပ်မပျော်လိုက်ရပါဘူး လမင်းငယ်ရယ် ဗျောက်အိုးက တစ်အိုးပဲပါတာလေ။ ဒီတော့ကျွန်လဲ အိတ်ထဲကပိုက်ဆဲစိုက်ပေါ်ပြီး ဗျောက်အိုးထပ်ဝယ်ခိုင်းလိုက်တယ် ။
"ဘာလို.ပိုက်ဆံထုတ်ပေးလိုက်တာလဲ''
"ဗျောက်အိုးဝယ်ဖို့တဲ့"
"ဗျောက်အိုးအသံကြီးကြောက်ပါတယ်ဆို "
"သိတယ်လေအဲဒါကြောင့်တမင်ဝယ်ခိုက်တာ"
"တမင်ဝယ်ခိုင်းလိုက်တာ ''
ကျွန်တော်စကားရဲ့အဓိပါဝယ်ကို လမင်းငယ်ကနားမလည်ဘူး။ မျက်လုံးလေးအ၀ိုင်းသားနဲ. မေးရှာ တယ်
"အင်းလေကြောက်တော့ဖက်ထားရတယ်လေ"
လို.ပြောလိုက်တော့ ကျွန်တော်ဗိုက်ခေါက်တွေပဲနာရပြန်တာပေါ့။ တစ်ကယ်ပါ အရပ်ကတို့ရယ် ကျွန်တော့လမင်းငယ်က ဘယ်နှယ့်မှမဘယ်နှယ်ပါဘူး။ ဖက်ထားရုံကလေးပါ ဆိုတာတောင် ဆက်ဆက်အထိမခံဘူးဗျ သူငယ်ချင်းတွေကတော့ထင်ကြမှာပဲ Save the Children မှာ ဘော်ဒါတွေနဲ့ မြသလွန်ဘုရားမှာဆီမီးထွန်းဖို့ စုထားတာတောင်မသွားပဲ ကောင်မလေးဆီ သွားနေတယ် ဆိုပြီးတော့။ ဘူတာတွေဘာတွေကျော်ပြီး အလံနီတွေဘာတွေတောင်မြင်မှာ မဟုတ်တော့ဘူးလို. ထင်နေကြမှာပဲ။ နောက်ပြီးဒီလောက်မွှန်နေတဲ့ရထားဆို ပြီးပြမယ့်အလံနီနဲ. နောက်ကနေ လိုက်ရိုက်ချင်စိတ်တွေ ပေါက်နေကြမှာပဲ မနာလိုကြတာကိုး။
ထားပါ တကယ်တော့သက်သက်အထင်ကြီးနေကြတာ။ ကျွန်တော်ကလည်း အဲဒီလိုအထင် ကြီးကိုခံချင်နေတာပဲ။ အကယ်တော့ ကျွန်တော့ဘ၀က ချစ်သူကိုမတို့ ရက်မဆိတ် ရက်နဲ.လက်ကလေးကိုင်ဖို.တောင် မ၀ံ့မရဲဖြစ်နေရတဲ.ဘ၀။ သူကြီးသား ဆိုင်ကယ်ဝယ်ပြီး ထားသလို ဖြစ်နေတယ်။ မြို့ကသူတွေဆိုင်ကယ်စီးသလိုစီးဖို့ နွားတစ်ရှင်းရောင်းပြီး ဆိုင်ကယ်လေးတစ်စီး ၀ယ်ထားပေမဲ့ အသစ်ကလေးဟဲ့ဆိုပြီး ဖုန်ထဲဗွက်ထဲ ရွာထဲလဲ ပတ်မစီးရက်။ ယာထဲကိုင်းထဲကျ တော့လဲ ခလုတ်ကန်သင်းရှောင်နေရတာနဲ့ မစီးသာ။ ဒီတော့မထူးပါဘူးဆိုပြီး မြို.တက်စီးမယ် ကြံပြန်တော့လဲ without ဆိုတော့ မော်တော်ပီကယ် ဖမ်းမှာကလဲကြောက်။ မျောက်အုန်းသီးရတာကမှ တောင်ထိပ်ကလှမ့်ချလို. ကွဲရင်စားရဦးမယ်။ ကံကောင်းရင် အရည်တောင်သောက်ရနိုင်တယ် ခုတော့ ကျွန်တော့မှာ အရည်မရ အဖတ်မရ အနံ.တောင်ဝအောင်မရှူရဲတဲ့ဘ၀နဲ့ သူများအထင်ကြီးတာကို ခေါင်းမော့ ရင်ကော့ပြီး ကြည်နူးနေရတဲ့ဘ၀။ ဟုတ်ပါတယ်ဗျာကျွန်တော်ဆိုတဲ့ကောင်က အုန်းသီးကို ရင်မှာပိုက်ပြီး ဘာလုပ်ရဘာကိုင်ရမှန်းမသိတဲ့ တောင်ထိပ်က မျောက်တစ်ကောင်ပါ။ စိတ်ထဲမှာလည်း အုန်းသီးကိုရော အုန်းသီးပိုက်ထားတဲ့ ကိုယ့်ကိုယ်ကိုရော လုံးထွေးပြီး တောင်ထိပ်ကနေ ကန်ချပစ်ချင်စိတ်တွေ ပေါက်နေမိတယ် ။ ဂယ် ပဲ ။ ။
ခြံရှေ.ကအုတ်ခုံမှာ ဖယောင်တိုင်လေးတွေ စိုက်ကြတယ်။ ခြံဘေးကမယ်ဇလီပင် ကြီးအောက်မှာ လည်း ဖယောင်းတိုင် တွေကို အသည်းပုံလေးတွေစီစိုက်ကြတယ်။ ခြံတခါးမှာ ရောင်စုံမီးပုံးလေးတွေလိုက်ချိတ်တော့ လမင်းငယ် အရပ်နဲ့မမီဘူး ခုံတစ်လုံးယူပြီး ကျွန်တော်လိုက် ချိတ်ပေးရတယ်။နောက်ပြီး ကျွန်တော်ဝယ်ထားတဲ့ အသည်းပုံပူပေါင်း တွေလေမှုတ်ပေးရတယ်။




ဆောင်းတွင်းရဲ. မြောက်ပြန်လေက ဓားသွားထက်ထက်တွေနဲ့ တတိတိ မျဉ်းသလို ပဲနော် ။ အေးလိုက်တာ။ စွယ်တာ ခေါင်းစွပ်အောက်က ဆံနွယ် စတွေကို ကိုယ်လေးကို ယိမ်းပြီး သိမ်းရင်း မြောက်ပြန်လေကိုလက်ဝါးနဲ့ကာလို့ ဖယောင်တိုင်တွေမီးလိုက်ညှိတော့ ဆီမီးအရောင်မှာ လမင်းငယ်ရဲ့ လက်ဖ၀ါးနုနုလေးတွေဆိုရင် ချမ်းလွန်းလို့ထင်ပါရဲ့ ပန်းရောင်ဥပြီးနီရဲနေတယ်။ နှာသီးဖျားလေးမှာလဲ ပန်းနီရောင်သန်းနေတာ တွေ.တော့ နှံပီစုတ်ငှက်ကလေး လိုပဲ ကိုယ်လေးကိုကျုံသွားအောင် အတင်းဖက် ထားချင်လိုက်တာ ။
လမင်းငယ် ဆီမီးထွန်းတာကိုအခွင့်ကောင်းယူပြီး လက်ကလေးပဲကိုင်ရကိုင်ရ ပခုံးလေးပဲထိရထိရလို့ ဆင်လိုကြံပြီး လေငြိမ်အောင် ပဲလက်နဲ့ကာသလိုလို ဂျာကင်နဲ့ပဲကွယ်သလိုလို အနားမှာရစ်သီရစ်သီလုပ်နေတဲ့ကျွန်တော့်ကို အစကတော့လမင်းငယ်မရိတ်မိဘူး။ အမှတ်တမဲ့ လေပြင်းတစ်ချက် ခပ်ပြင်းပြင်းလေးဝှေ့လိုက်တော့ လမင်းငယ်ရဲ့လက်ထဲကဖယောင်းတိုင်က မီးငြိမ်းသွားတယ်။ မီးပြန်ညှိဖို့လုပ်တော့ ကျွန်တော်က မီးခြစ်ကို ညာလက်ကခြစ်ပြီး ဖယောင်းတိုင်ကိုင်ထားတဲ့ လမင်းငယ်ရဲ့ လက်ကလေးကို ဘယ်ဘက်လက်နဲ့ ကိုင် အဟိ အပိုင်ပဲပေါ့။ ဖြစ်ချင်တော့ ရင်တွေကလည်းအရမ်းခုံနေပြီး ရင်ခုံနေလို.လား ချမ်းနေလို.လားမသိဘူး လက်တွေကလည်း တုန်နေတော့ မီးခြစ်ကတစ်ချက်တည်းနဲ့ မီးမတောက်ဘူး ကံကောင်းတာလား ကံဆိုးတာလား လဲမသိတော့ပါဘူး။ ဒါကို ဘယ်အချိန်ကတည်းက ကြည့်နေမှန်းမသိတဲ့ ရွှေယောက်ဖက
"ပေးပေး သားခြစ်ပြမယ်"
ဆိုပြီး ဖြတ်ကနဲဆွဲယူသွားတယ်။ နောက်ပြီး တောက်ခနဲ ခြစ်လိုက်တော့ ဖြတ်ခနဲထတောက်လာတဲ့ မီးတောက်ကလေးကို ကြည့်ရင်း ကျွန်တော် လည်းရှက်ရှက်နဲ့
"မီးခြစ်ကနဂိုကအကောင်းပါ ခုမှ ဘာဖြစ်သွားလဲမသိဘူး"
လို. ပြောလိုက်မိတယ်
"မီးခြစ်ခြစ်တာမီးခြစ်ကမီမတောက်ဘဲ နှာခေါင်းက မီးတောက်နေတာ ခုတစ်ခါပဲမြင်ဘူးတယ်"
တဲ့
"ဟိုက်ရော"
ကျွန်တော်ဘာမှပြန်မပြောနိုင်ဘူး။ လူလစ်မလားလို. နောက်ဖေးပေါက်က ခိုးဝင်မိပါတယ် ခုံဖိနပ်နဲ.အပစ်ခံလိုက်ရသလို ကိန်ခနဲပဲ ကျွန်တော့လက်ထဲက လမင်းငယ်လက်ကလေးလဲ ဆက်နဲ ရုတ်သွားတယ် နှမြောလိုက်တာဗျာ ။ နောက်ပြီးလမင်းငယ်ပြောလိုက်တဲ့ စကားတစ်ခွန်းက နားထဲမှာ ခုထိစွဲနေတယ်
"ဟွန်း ဒီကအကောင်းမှတ်နေတာ လူတစ်ကိုယ်လုံးလဲ အကျန်ချည်းပဲ "
သူပြောတဲ့စကားထဲက ကျွန်တော့အကြံဆိုတာ ကကြီးဝပင့်နသတ်နဲ.ပဲ နားလည်ရမလား ကကြီးယရစ်သေးသေးတင်ကြံတာလား ဇဝေဇ၀ါနဲ့။ လူကြီး ရှက်တော့ရယ် တာပေါ့ ဟဲဟဲ။ အောက်သွားရှိ မရှိ ကိုယ့်ကို ကိုယ်တောင်မသိ ဘူးစပ်ဖြဲဖြဲနဲ့ ယောက်ဖလောင်းလေးကို ကြည့်တော့
"နွားပွဲစားမဟုတ်ဘူး သွာဖြဲပြမနေနဲ့"
တဲ့
"သေလိုက်ပါ့လား"
အစ်မကိုကြိုက်လို.ဒီလောက်သည်းခံနေတာ ဒင်းလေးကမသိဘူး။
"တွေ့မယ်မင်း"
"လမင်းငယ်နဲ.ငါ နောက်နှစ်သီတင်းကျွတ်မင်္ဂလာဆောင်ပြီးမှ ညှင်းညှင်း ညှင်းညှင်း
ဆိုပြီးမချိပြုံးလေးနဲ. တေးထားလိုက်တယ်ကိုယ်အတွေးနဲ့ ကိုယ်သဘောကျလိုပေါ့
"မောင်လေးကလည်း ဧည့်သည်ကိုဒီလိုမပြောရဘူးလေ နောက်စကာပြောရင် ယဉ်ယဉ်ကျေးကျေးပြောရမယ်နော် "
လို့ဆုံးမနေတယ် ဒီတော့ကောင်လေးက
"မငယ်ကလည်း သားကဒီလိုပဲပြောတက်တာ ရင်ထဲမှာရှိရင်ရှိတဲ့အတိုင်းပဲ ပြောတက်တာလေ"
ဒီတော့လမင်းငယ်က ကျွန်တော့ကို စစ်ကူခေါ်တဲ့အနေနဲ့ လှမ်းကြည့်တယ် ကျွန်တော်လည်း
"ဖိုးသားကလည်းကွာ စကားဆိုတာအဲသလို စိတ်ထဲမှာရှိတဲ့အတိုင်း တည့်တိုးကြီး အကုန်မပြောရဘူးကွ ကြမ်းကျွံရင်သာနှုတ်လို့ရမယ် စကားကျွံသွားရင်နှုတ်လို့ မရဘူးကွ"
"အဲဒါဆိုရင် သားဘယ်လိုလုပ်ရမလဲ"
"ဘယ်လိုလုပ်ရမလဲဆိုတော့ ဖိုးသားပြောစရာရှိလို့တစ်ခုခုပြောတော့မယ်ကြံတိုင်း စကားမပြောခင် တစ်ကနေတစ်ဆယ်ထိရေပြီးမှပြော အရေးကြီးရင် တစ်ရာထိရေ အရမ်း အရေးကြီးတဲ့စကားဆိုရင်တစ်ကနေ တစ်ထောင်ထိရေပေါ့ ဒါဆိုရင်ဖိုးသားပြောတဲ့စကားထဲမှာ အမှားနည်းနည်းသွာလိမ့်မယ် "
"ဟုတ်ကဲ့"
အလဲ့ ဒီလိုဆိုပြန်တော့လည်း ဒီကလေးကလိမ္မာသားပဲလို့ ကျွန်တော် ကိုယ်ဖာသာကိုယ် တွေးမိပြန်တယ်။



"ဟိုမှာကြည့်စမ်း"
လို့ လမင်းငယ်ကလှမ်းပြရင်း မြသလွန်ဘုရားရှိတဲ့ အနောက်မြောက်အရပ် မိုးကောင်းကင်ကို လက်ညိုးညွန်ပြီးပြတယ်။ ဆီမီးထွန်းပြီးလွှတ်တင်လိုက်တဲ့ ရာထောင်မက မီးပျံလေးတွေပဲအရမ်းလှတာပဲ။ မီးပုံပျံလေးတွေလေယူရာ လွင့်ခနဲ လွင့်ခနဲ မျောပါနေတဲ့ မိုးကောင်းကင်ကို မော့ကြည့်ရင်း သူ ကလေးလေးတစ်ယောက် လို ရွင်မြူးနေတာမြင်ရတော့ ကျွန်တော်လည်း အရမ်းပျော်တာပဲ။ ဒါကြောင့် အချစ်ဆိုတာ သူတပါးပျော်ရွင်မှုထဲကို ကိုယ့်ပျော်ရွင်မှုကိုထည့်ထားခြင်းတဲ့ နောက်အလှပဆိုတာ ကိုယ်တစ်ယောက်ထဲကြည့်နေရတာထက် ချစ်သူနဲ့အတူ မျဝေခံစားရတဲ့ အချိန်မှာ ပိုလှတယ် လို့မိုးကျော်ပြောတာမှန်တယ်။ ဘုရားကို သူတို့နဲ့မလိုက်လို့တင်းနေတဲ့ သီဟတို့ မိုးကျော်တို့ကို ဒီအကြောင်းတွေ သွားပြောနေရင် ကျွန်တော့ကိုဝိုင်းသမကြမှာ အသေအချာပဲ။
ကိုယ့်သူငယ်ချင်းမို့လို့ လမင်းငယ်နဲ.ပတ်သက်တဲ့ ခံစားချက် လှလှလေးတွေ ကို သွားရင်ဖွင့်မိရင်
"မင်းလည်းဒီရောဂါနဲ့သေမှာ "
လို.ပဲပြောမလား
"ရွာကငါ့ဘကြီးလည်း ဒီတောင်ကို မကျော် နိုင်ဘူးမင်းလည်းသတိထား"
လို.ပဲ ပြောမလား တနည်းမဟုတ်တနည်းလှောင်ကြမှာရစရာမရှိအောင်ချွတ်ကြမှာ ပုဆိုးခြုံပြေးဖို.သာပြင် ။ ကိုယ့်သက္ခာကို ကိုယ် လုံအောင်ဖုံးဘို.ပြင်။




အဲဒီနှစ်က နှင်းတွေလည်း ဖွေးနေအောင်ပိတ်နေတယ်။ ဓာတ်တိုင်နှစ်တိုင်သုံးတိုင် ကျော်ရင်ဘာမှမမြင်ရတော့ဘူး​။ မယ်ဇလီပင်ကြီးရဲ့အောက်မှာတော့ ကျွန်တော်တို့ထွန်းထားတဲ့ ဆီမးခွက်တွေဖယာင်တိုင်တွေနဲ့ လင်းထိန်နေတာပဲသိလား။ မီးတွေအားလုံးထွန်းပြီးတဲ့ အချိန်ကျတာ့ ကျွန်တော်တို့ မီးပုံးပျံလွှတ်ဖို့ အိမ်ရှေ.ကွင်းပြင်ကို ထွက်ကြတယ်။ မီးပုံးပျံ လွှတ်လောက်တဲ့ ကွင်းပြင်ကျယ်ကျယ် သစ်ပင်လည်းလွတ် ဓာတ်ကြိုးလည်း လွတ်လောက်တဲ့နေရာ တစ်နေရာ ရောက်တော့မှ မီးစာကိုမီးညှိတယ်။ အရပ်မြင့်တဲ့ကျွန်တော်က မီးပုံးပျံကို အပေါ်ကကိုင်ပေးပြီး မီးစာကို မီးစရှို့တယ် မှိုင်းဝတော့ ဖေါင်းတက်လာတဲ့ မီးပုံးပျံက တလွင့်လွင့်နဲ့ ကျွန်တော့ရင်ထဲက အတိုင်းပဲ။ ကျွန်တော့ရင်ထဲမှာလည်း ဆွယ်တာအဖြူနဲ့ လမင်းငယ်ကို စိတ်ရှိလက်ရှိ မွေ.ရမ်းပစ်ချင်စိတ်တွေက ကျွန်တော့လက်ထဲမှာ မှိုင်းဝနေတဲ့ မီးပုံးပျံကြီးလိုပဲ လမင်းငယ်ကို ငေးကြည့်ရင်းနဲ့ မီးပုံးပျံကိုလက်လွတ်လိုက်ဖို့တောင် မေ့နေမိတယ်။
ကျွန်တော့ကိုလမင်းငယ်မောင်လေးက ဘုသံနဲ့
"ဦးလေးကြီးလွတ်လိုက်တော့လေ"
လို့ပြောမှသတိရတယ်။
"လူကိုဦးလေးကြီးတဲ့ ကြိတ်ထားဦးပေါ့ကွာ"
မီးပုံးပျံတက်သွားတော့ လမင်းငယ်မျက်နှာလေးကိုခိုးပြီးကြည့်နေတုန်း
"ဖောင်း ဖောင်း ဒိုင်း ရှူးဖေါက်ဖေါက် "
"သောက်ပလုတ် "
အနားမှာကပ်ဖေါက်တဲ့ ဗျောက်အိုးသံတွေကြောင့် လူအတော်ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတယ်။
လမင်းငယ်မောင်လေးက မိးပုံးပျံမှာယမ်းထုတ်နဲ့ဗျောက်အိုးတွေ ချိတ်ပေးလိုက်တာ မသိလိုက်ဘူးကိုး။ ဒီတော့ ပုဆိုးတွေရော အင်္ကျီတွေရော ယမ်းစတွေစင်ကုန်တာပေါ့
"ကို့အကျီင်္မှာလည်း ပေါက်ကုန်ပြီ "
ဟုတ်တယ် အကျီင်္မှာလဲဆေးလိပ်မီးဖွားကျသလို ပေါက်ကုန်တော့တာပေါ့ မကြာခင်ကမှ ၀ယ်ထားတဲ့ပုဆိုး အသစ်ကြီး လဲ မီးလောင်ပေါက်ကုန်တယ်
"ရပါတယ် ရပါတယ် "
ဟင်းဟင်း အပြုံးမပျက်သေးဘူး စိတ်ထဲက
"နောက်မှ တွေ့မယ် ဒင်းလေးတော့ "
နောက်သီတင်းကျွတ်မှပဲလို့တေးထားပြီး ပညာရှိအမျက်အပြင်မထွက် လိုက်ပါဘူး။
ထားလိုက်ပါတော့ အမြင့်ကြီးကိုတက်သွားတဲ့ မီးပုံးပျံနောက်ကို ၀မ်းသာအားရ အပြေးလေးလိုက်သွားတဲ့လမင်းငယ်ရဲ့ ဖြူစင်အပြစ်ကင်းတဲ့ အမူအရာလေးတွေက ညစ်နွမ်းနေတဲ့ ကျွန်တော့စိတ်တွေကို ဖူဂျီနဲ့လျော်ပစ်လိုက်သလိုကြည်လင်သွားရတယ်။ ယောက်ဖမျက်နှာကို ကြည့်ပြီး မင်းနှမလေးက ဖြူဖွေးနေတာပဲလို.သွားပြောရင် ကျွန်တော့ မျက်နှာကိုအိုးတိုက်ဖွဲပြာနဲ့ များတိုက်ပစ်မလား ပဲ တွေးနေမိတယ်။




လမင်းငယ်ရဲနောက်ကိုပြေးလိုက်သွားတော့ မလှမ်းမကမ်းမှာပဲ ဒူးကိုလက်နဲ့ ထောက်ပြီး မောဟိုက်နေတဲ့ လမင်းငယ်ကိုမီတယ်
"မောနေပြီလား"
"ဟင့်အင်း"
"သစ်ပင်အောက်သွားထိုင်ရအောင်"
လမင်းငယ်က ကျွန်တော်အင်္ကျီဂျာကင်စကိုဆွဲပြီး မှီတွဲရင်းလမ်းလျှောက် လိုက်လာတယ်။ လမင်းငယ်ရဲ့မောင်လေးကတော့ မီးရှူးတွေတဒိုင်းဒိုင်းနဲ့ပေါ့ ။
မယ်ဇလီပင်အောက် ဆီမီးတွေအသဲပုံအ၀ိုင်းကြီးထွန်းထားတဲ့နေရာ ရောက်တော့ ကောင်းကင်ရဲ့တစ်နေရာဆီမှာ ကြွေကျသွားတဲ့ ကြယ်စင်တစ်စင်းရဲ့ အလင်းတန်းတစ်ခုကို နှစ်ယောက်အတူမြင်လိုက်ရတယ်။ နှစ်ယောက်ပြိုင်တူ တစ်ယောက်မျက်နှာတစ်ယောက်ကြည်ရင်း အမှတ်တမဲ့  မတိုင်ပင်ပဲ ကိုယ်စီဆုတောင်းတွေနဲ.ပြိုင်တူငြိမ်သက်နေမိတယ်။
ကျွန်တော်လမင်းငယ်ရဲ.မျက်နှာလေးကိုလှမ်းကြည့်လိုက်တော့ လမင်းငယ်က ဆုတောင်းလို့မပြီးသေးဘူး။ ကျွန်တော့်စိတ်ထဲမှာ ဘာတွေဆုတောင်းနေတာပါလိမ့် အတော် လောဘကြီးတဲ့ချစ်သူလေးပဲ လို.တွေးရင်းပြုံးနေမိတယ်
"ဒါကိုသူမြင်တော့ "
"ကိုကိုဘာရယ်နေတာလဲ"
"လမင်းငယ်ဆုတောင်းနေတာ သဘောကျလို့ပါ"
"ကိုကိုရော ဘာဆုတောင်းသလဲ "
လို.မေးတယ် ကျွန်တော်လည်း သူမျက်နှာလေးကို သေသေချာကြည့်ရင်း
"လမင်းငယ်နဲ.မခွဲပါရစေနဲ.လိုဆုတောင်းတာပေါ့ "
အဲဒါအမှန်ပဲလေ တကယ်လည်း ဒီဆုပဲကျွန်တော်တောင်းခဲ့တာပဲ
"တကယ်"
"အင်းတကယ်ပေါ့ "
သူလည်းကျွန်တော့မျက်ဝန်းတွေကို အသေအချာစိုက်ကြည့်နေရှာတယ် ဘယ်လောက်တောင်ကြာသွားလည်းကျွန်တော်မမှတ်မိဘူး ကျွန်တော်ကိုယ်တိုင်လည်း သူအကြည့်ကြောင့် လေထဲမှာလွင့်သွားပြီး နှင်းမှုန်တွေထဲမှာစီးမျောသွားရသလို လှိုက်မော သွားရတယ်
နောက်သက်ပြင်းရှည်တစ်ချက်နဲ့အတူ ကောင်းကင်ရဲ. ကြယ်စင်လေးကြွေကျ သွားတဲ့ လမ်းကြောင်းကိုငေးမောရင်း
"ဒါပေမယ့် ကိုကို ရယ် "
"ကြယ်လေးတွေသနားပါတယ်"
"ဘာဖြစ်လို.လဲ "
"ကိုကို နဲ့လမင်းငယ်ဆုံဖို့နီးဖို့က ကိုကိုနဲ့လမင်းငယ်အပေါ်မှာပဲ မူတည်တာပါ ကြယ်စင်လေးတွေခမျာ ဟိုးကောင်းကင်လင်းလက် နေရာကနေပြီးတောင် ကြွေကျလာရတာ ဘယ်လောက်သနားဖို့ကောင်းသလဲ။ ဒီလို ကြွေလွင့် မြေခသွားတဲ့ ကြယ်စင်လေးတွေကို ကိုယ်အတ္တတွေနဲ့ ထပ်ပြီး နှိပ်စက်မနေပါနဲ.တော့ သူတို့ ကောင်းရာမွန်ရာဘ၀မှာ ပျော်ရွှင်ချမ်းမြေ.ကြပါစေလို့ပဲ ဆုတောင်းပေးလိုက်ပါနော်"
လို့ သူကပြောတော့ အရမ်းဖြူစင် ပြီး နူးညံ့တဲ့ စိတ်ထား နဲ့ ချစ်သူလေးကို အရင်ကထက်ပို ပြီး မြတ်နိုးမိသွာတယ်

နောက်ပြီး
"လမင်းငယ်နဲ. ကိုကို အတွက်က တစ်ယောက်ကိုတစ်ယောက် သစ္စာရှိရှိ ချစ် နေကြရင် ဘယ်သူတွေဘယ်လိုဖျက်ကြပေမယ့် ဘယ်တော့မှပျက်မှာမဟုတ်ပါဘူး သစ္စာရှိရှိချစ်နေမယ် ကိုကိုနဲ့ လမင်းငယ် တို.နှစ်ဦးကသာ လမင်းငယ်တို.ချစ်ခရီးကို အဆုံအဖြတ်ပေးသွားမှာပါ ကြားလူ မလိုပါဘူးကိုကို ရယ် "
လို.ကျွန်တော့် ပခုံးလေး ကို ခေါင်းနဲ့ မှီရင်း ပြောလာတယ် ဒီအချိန်မှာ ကျွန်တော် စိတ်တွေ မြောက်ပြန်လေနဲ.အတူ လွင့်သွားသလား ကျွန်တော့ဝိဥာည် ကို ညည့်ငှက် တစ်ကောင် ကပဲသယ်ဆောင်သွားသလား ကျွန်တော်မသိနိုင်တော့ဘူး



အသည်းပုံဆီမီးတိုင်တွေရဲ.အလည်မှာ လမင်းငယ်ဝင်ထိုင်ရင်း
"ထိုင်လေ "
လို့ ပြောရင်း ကိုယ်ကို ကြုံ.ပေးတယ် သူဘေးမှာထိုင်ဆိုတဲ့သဘောပေါ့ ပျော်လိုက်တာ။ အားလုံးကတော့ထင်မှာပဲ ကောင်းခန်းပေါ့နော် ဒါပေမဲ့ ကျွန်တော်ကကို ကောင်းမယ့်ကံပါမလာဘူးလေ သိတဲ့အတိုင်းပဲ။ ၀မ်းသာအားရနဲ. ချစ်သူ့ဘေးမှာ ပြေးဝင် ထိုင်မိရင်ပဲ
"ဗြိ"
ကနဲအသံက ပုဆိုးအနောက်နားဆီကကြားလိုက်ရတယ်
"မြတ်စွာဖျား ကယ်တော်မူပါ"
"ဘာဖြစ်တာလဲ "
"အဟီး"
"ဖြစ်ပါဘူး ဘာမှ ဖြစ်ဘူး ဘာမှဖြစ်ပါဘူး"
ကိုယ့်အိနြေ္ဒကိုကိုယ်ပြန်ဆယ်ရင်း ချစ်သူ့ရှေ့မှာ မတော်ရသေးတဲ့ယောက်ဖကို တော်တော်ကျွဲမြီးတိုသွားတယ် မီးပုံးပျံလွှတ်တင်တုန်းက ဒင်းလေး ချိတ်ပေးလိုက်တဲ့ဗျောက်အိုးက ယမ်းစတွေပုဆိုးပေါ်ကျထားတာဖြစ်ချင်တော့ ပုဆိုးကိုလှည့်ဝတ်ရင်းအနောက်ဘက်ရောက်သွားတဲ့ ပုဆိုးမီးပေါက်ကို သတိမထားမိဘူး ခု လာထိုင်ဆိုမှ "ဗြိ" ဆိုတဲ့အသံက ငယ်ထိပ်ကနေ မြီးညှောင့်အထိ မိုးကြိုးအတောင့်လိုက်ပစ်သွင်းလိုက်သလို တွန့်ခနဲပဲ။
မဖြစ်ချေဘူးဒီပုဆိုးကိုချက်ချင်း ပြန်ပြင်ဝတ်မှပဲ လို့စိတ်ထဲတွေးနေတုန်း ကျွန်တော့်ပုခုံးတစ်ဖက်ပေါ် ချစ်တဲ့လမင်းငယ်က ခေါင်းလေးစောင်းမှီလာတယ်။ ထပြီးပြင်လို.တော့ မဖြစ်ချေဘူး။ ထပြီးပုဆိုးပြင်ဝတ်လိုက်ရင် ဒီ position ပိုဇေးရှင်းလေးပျက်သွားမှာစိုးတာနဲ့ပဲ ကျွန်တော်လည်းအသာပဲငြိမ်နေလိုက်တယ်။ ဒါပေမယ့် အစ်မဘေးမှာထိုင်နေရပေမယ့် သူ့မောင်မျက်နှာရိပ်မျက်နှာကဲလည်း ကြည့်ရသေးတယ် တော်ကြာသူ့အစ်မဘေးမှာ ထိုင်ရမလားဆိုပြီး တစ်ခုခု ထလုပ်လိုက်မှာစိုးလို့။

"မြောက်လေက အရမ်းအေးတာပဲနော် "
ဒါပေမယ့် ဒီလိုသာ ကျွန်တော့်ပုခုံးပေါ် လမင်းငယ်ခေါင်းလေးမှီပြီးရှိနေမယ်ဆို ထောင်သောင်းမကတဲ့ ဒီလို ဆောင်းညတိုင်း ကို လည်းရက်စက်တယ်လို့ထင်မိမှာမဟုတ်ပါဘူး ပုဆိုးဖင်ပေါက်က နေ ၀င်လာတဲ့ ချမ်းစိမ့်စိမ့် အအေးဓာတ် ကို အံတုရင်း ချစ်တဲ့လမင်းငယ်ကို ထွေးပိုက်လို့ ဓားသွားတမျှထက်ရှလွန်းလှတဲ့ မြောက်ပြန်လေကို ရင်ကော့ပြီး စိန်ခေါ်ဝံ့ပါတယ်။
ဂတ်ဂတ် ဂတ်ဂတ် ( စိန်ခေါ်သံထဲမှာချမ်းလို.အောက်မေးရိုက်သံပါသွားတာပါ )
ရင်ထဲက အချစ်နဲ့အကောင်းဆုံးတွေကိုမျှော်လင့်ထားပြီး အဆိုးဆုံးတွေအတွက် လည်း အသင့်ပြင်ဆင်ထားပါတယ် (ဥပမာ နောက် တစ်ခါ ပုဆိုးမီးလောင်ပေါက် ရှိရင် ဖင်အောက်ထားမထိုင်မိဖို့ ကအစ)


ဒီအချိန်မှာပဲ ကျွန်တော်ပေါင်ပေါ်ကိုရွစိရွစိနဲ. အကောင်တစ်ကောင် တက်လာသလိုခံစားမိလို.အမှတ်တမဲ့ကြည့်လိုက်တော့ ပိတုန်းလေးတစ်ကောင်က ကျွန်တော့ ဘေးက မြေကြီးမှာကျင်းတူးလိုက် ခဏပျံလိုက်နဲ.လုပ်ရင်း ပေါင်ပေါ်လာ နားလိုက်နဲ့ လုပ်နေတာကိုး။ ပိတုန်းဆိုတော့လည်း လက်နဲ.ဖယ်ပစ်လိုက်ရအောင် လက်ကိုလည်းတုတ်မှာစိုးရတာနဲ့ပဲ ခဏငြိမ်နေလိုက် လိုက်တယ် နားရုံနားတာပဲလေ ကိုယ်အသားပဲ့ပါသွားတာမှမဟုတ်ပဲလို့။
ဒါတောင်ရွှေပိတုန်ကအဆိပ်ပါတဲ့ဖင်လေးကော့ကော့ပြီး ဟန်တပြပြလုပ်နေလို့ ကျွန်တော့မှာရင်တမမနဲ. ဘုရားတနေရသေးတယ် နောက်မှကျင်းတူးတဲ့ဆီ ပြန်သွားပြီးသူ့ အလုပ်သူဆက်လုပ်နေတယ် အဲဒီလိုကျွန်တော် လည်းအခြေအနေတွေအေးချမ်းသွားပြီဆိုတော့ ညရဲ့လေပြေမှာ စိတ်ကူးလေးတွေရွက်လွှင့်ရင်းနဲ့ မဆီမဆိုင်ကိုယ်တည်းစိတ်ထဲကနေတွေးမိတယ် အဖေါ်ကွဲပြီးပေါင်ပေါ်လာနားတဲ့ ပိတုန်းလေးလည်း သွားသနားမိတယ်။
“ဪသူ့ခမျာ အထီးကျန်နေရှာသကိုး”
“အင် မဟုတ်သေးပါဘူး အထီးကျန်ရအောင် သူက အထီးလေးကော ဟုတ်လို့လား”
“အထီးမှန်းအမမှန်းမသိပဲ နဲ့ အထီးမဟုတ်ဘဲ အမဆိုရင် အမကျန်ဖြစ်မှာပေါ့ “
လို့တွေးရင်းပြုံးမိတယ်။
ဒါပေမယ့်ဒီလိုကြည်နူးစရာအတွေးတွေကကြာကြာမခံပါဘူး။ ကိုယ်တော်ချောက အဖေါ်ကွဲပြီးလာနားပြန်တယ်။
“ဟိုက် ဒုက္ခော”
“ကိုကို ဘာဖြစ်လို့လဲ”
"ချစ်သူလေးက မျက်ခုံးလေးပင့်ပြီး မေးလာတော့ ဘာမှမဖြစ်အောင် အခြေအနေကို ထိမ်းလိုက်ရတယ်"
ပိတုန်း ပြန်လာပြီးနားနေပြန်ပြီ ဒီတစ်ခါ ကိုယ်တော် က အရင်လိုတမ်းပျံမသွားဘူး ပေါင်ပေါ်တင်ဟိုလျှောက်ဒီလျှောက်နဲ့လုပ်နေတယ် လက်နဲ့ပုတ်ထုတ်ရမလား ပုဆိုးပဲခါပစ်ရမလား မဝေခွဲနိုင်သေးခင် ပိတုန်းကတလှုပ်လှုပ်နဲ့ပတ်ပြေးရင်း ပြဲနေတဲ့ ပုဆိုးအပေါက်ထဲ ၀င်ဖို့ကြံစည် နေတယ်ဆိုတာ ရိတ်မိလိုက်တယ်
“ဟာ မလုပ်နဲ့ မလုပ်နဲ့ အဲဒီမှာနင့်ကျင်းမရှိဘူး“
လို့အသံကုန်အော်ဟစ်ပစ်ဖို့ အရမ်းနောက်ကျသွားပြီ

“ကယ်တော်မူကြပါဗျို.”
“ကို ဘာဖြစ်နေတာလဲ လှုပ်စိလှုပ်စိနဲ့ “
"အဲ ဟို အာမှ ဖြစ်ဘူးနော် ဘာမှဖြစ်ဘူး”
"ဒါဆိုလည်းငြိမ်ငြိမ်နေ ဒါပဲ “
လမင်းငယ်က ဒါပဲဆိုရင်ကျွန်တော့်အတွက် သံမဏိအမိန့်ပဲ အမြီးတောင်မြှောက်မကြည့်ရဲဘူး ဒါပေမယ့်ရွှေပိတုန်းကမရဘူး။ သူ့ဦးတည်ရာကလည်း ကျွန်တော့်အတွက် ရင်လေးစရာကောင်းသထက်ကောင်းလာလို့ ဘုရားတနေရတယ် လက်နဲ့လည်းမကိုင်ရဲ ဘူးလေ။ ဒီတိုင်းထားရင်လည်း ရှေ့ဆက်ရောင့်တက်နေဦးမယ်ကောင် အလိုက်ကန်းဆိုး မသိတဲ့ပိတုန်း သေချာပါတယ် ပိတုန်းအမပဲဖြစ်မှာပါ။




ကြံမိကြံရင်း ဂျာကင်ထဲက မီးခြစ်ကလေးကို လက်နဲ့သွားစမ်းမိတယ် ဖယောင်းတိုင် တွေထွန်းတုန်းက အမှတ်တမဲ့ ထည့်ထားမိတာ ခုမှသတိရတယ်။ ကျွန်တော့အကျင့်က အဲ့သလိုပဲ လဖက်ရည်ဆိုင်တွေဘာတွေ ထိုင်မိရင်လည်း အဲဒီအတိုင်းပဲ။ ဆိုင်ကချထားတဲ့မီးခြစ်ကို ယောင်ယောင်အိတ်ထဲကောက်ထည့်ပြီး ပြန်တော့ မေ့ပါလာတယ်။ အိမ်ရောက်မှ သတိရတာမျိုး နောက်နေ့မှပြန်ပေးမယ်လို့ ထားလိုက်ရတယ်။ နောက်တနေ့ အဲ့ဒီ လဖက်ရည်ဆိုင်ထိုင် မိတဲ့အခါကျတော့ မီးခြစ်ကအိမ်မှာမေ့ကျန်ခဲ့ပြန်ရော ။
အဲဒီတော့ စားပွဲထိုးကိုခေါ် မီးခြစ်တစ်လုံး ငှားရပြန်ရော ပြန်တော့မေ့ပါလာ နောက်တစ်နေ့ကျ ပြန်မပေးဖြစ် ဒီလိုနဲ့ လဖက်ရည်ဆိုင်က ကွယ်ရာမှာ
“ဒါမျိုးလုပ်စားနေတာ ကြာပြီလားတဲ့ “
မှန်တာပြောရရင်တော့ ကျောင်းကတည်းက သူမျာတွေဆီက ခဲတံတွေ ဘောပင်တွေ ငှားပြီးပြန်ပေးဖို့မေ့နဲ့ အကျင့်ပါနေတာ။ နောက်တော့ လကဖက်ရည်ဆိုင် စားပွဲထိုးကလေးက မေးလာတယ်
“အစ်ကို ကတကယ်မေ့တက်တာလား မေ့ချင်ယောင်ဆောင်တာလား”
“ဟ ဘာဖြစ်လို့လဲ “
“အစ်ကို မေ့တဲ့ပုံက အမေ့ကောင်းပဲ မေ့ပြီးကျန်ခဲ့တယ်လို့ တစ်ခါမှမရှိဘူး မေ့ပြီး ယူသွားလို့ချည်းပဲ”
ကဲ ကောင်းရော နောက်ကြာတော့ ကျွန်တော်လည်း ကိုယ်ကိုကိုယ် တကယ် မေ့တက်တာလား မေ့ချင်ယောင်ဆောင်တာလား ဆိုတာ ကိုယ်တိုင်တောင်မသိတော့ဘူး။ တကယ်ပါ စာရိတ္တလေးကပြောစရာမရှိအောင်ကောင်းပါတယ် အကျင့်လေးတစ်ခုပဲမကောင်းတာပါ ဟဲ ဟဲ
ဒီအချိန်မှာ ပိတုန်းကလည်း ပုဆိုးအတွင်းက ပေါင်ပေါ်တက်လိုက် ပုဆိုးကပ်လိုက်နဲ့ သူဖေါက်လက်စတွင်းကို အသည်းအသန် လိုက်ရှာနေလေရဲ့။ ဒါပေမယ့် မြေပုံမှားနေတယ် ဆိုတာသူမသိဘူး။ နောက်ဆုံးမှာ ဂျာကင်ထဲကမီးခြစ်ကို အသာလေး ထုတ်လိုက်တယ။် နောက် ပုဆိုးအပေါက်ထဲကို လက်နဲ့နှိုက်ပိတုန်းရှိနှိုင်မယ့်ပုဆိုး နေရာကို စိတ်နဲ့မှန်းလိုက်တယ်။ ဒါတွေကို ကျွန်တော့်ပုခုံးမှီနေတဲ့ချစ်သူလေးကတော့ မသိနိုင်ဘူးပေါ့ ပိတုန်းကပုဆိုးမှာသွားကပ်နေတဲ့ အချိန်သေချာပြီဆိုမှ မီးခြစ်ကိုခြစ်လိုက်တယ် ကဲမှတ်ပီလား လက်နဲ့လည်းကိုင်စရာမလိုတော့ဘူး မီးလောင်တိုက် သွင်းပြီးသားဖြစ်ရော။
ဟဲဟဲ နဲနဲတော့ညှော်နံ့ထွက်သွားတယ်။ ဘယ်တွေသွားထိမိလဲမသိဘူး ခြေသလုံးမွေး ပြောတာပါ။ ပိတုန်းကို မီးစနဲ့ထိမိတဲ့ "ဖျစ်ဖျစ်" ဆိုတဲ့အသံကြားရတဲ့အထိ မီးလောင်တိုက်သွင်းပစ်လိုက်တယ်။




ရပ်ကွက်ထဲမှာ လည်းနေရာအနှံ့က ဗျောက်အိုးသံတွေဆူညံပြီးနေတယ် ကောင်းကင်အနှံ့မှာ လည်းမီးပုံးပျံကလေးတွေ ကမြောက်လေနဲ့အတူ တလွင့်လွင့်ပေါ့ တချက်တချက်မှာ စိမ့်ကနဲ့စိမ့်ကနဲ့ တိုးဝှေ့ဝင်လာတဲ့ မြောက်ပြန်ဆောင်းလေညှင်းရဲ့ တိုက်ခတ်မှုအောက်မှာ ကျွန်တော်နဲ့ လမင်းငယ်အတူထွန်းညှိထားတဲ့ ဆီမီးတိုင်လေးတွေကလည်း လူးလွန့်နေလေရဲ့ ဒီအချိန်မှာ ပိုးဖလံလေးတစ်ကောင်ဟာလည်း ဆီမီးတောက်ထဲကို တိုးဝင်ဖို့ကြိုးစားရင်းနဲ့ပေါ့
“ပူမှာကိုအသိဘူးနော် ကို့”
“မသိလို့ပေါ့”
“သနားပါတယ်”
“အဲ့ဒီပိုးဖလံလေးထက် ကိုကို ကပိုပြီးသနားဖို့ကောင်းတယ် သိလား”
“သွား ဘာမှမဆိုင်ဘူး”
“ပိုးဖလံလေးက မသိလို့ မသိလို့မီးကိုတိုးတာ ကိုကိုက လမင်းငယ်အတွက်ဆိုရင် ပူမှန်းသိလည်းတိုးမိမှာပဲ”
“ဟွန့် အပြောကောင်းနော်”
ဆိုပြီး ကျွန်တော့်လက်မောင်းကိုဆိတ်ဆွဲတယ် သူ့ရဲ့ စကားအဆုံးက “နော်” ဆိုတဲ့ အသံကလေးက အသံရှည်မဟုတ်ဘဲ အောက်မြစ်သံ ကလေးနဲ့ အသံကလေးကို ရစ်ဆွဲလိုက်သလို ကျွန်တော်နှလုံးသားကို ပြုစားလိုက်သလား။ တကယ်ကို နားဝင်ပီယံရှိတဲ့ သံစဉ်လေး တစ်ပုဒ်လိုပါပဲ အရမ်းနားထောင်လို့ကောင်းတာပဲတကယ်ပြောတာ ။
“ညှော်နံ့ရတယ်”
လမင်းငယ် ကတစ်ခုခုအနံ့ခံမိသလို နှာခေါင်းလေးကို လက်နဲ့အုပ်ပြီးပြောတယ် ။ ကျွန်တော် လည်းနှာခေါင်းကို ရှုံ့ပွရှုံ့ပွလုပ်ပြီး အနံ့ခံကြည့်တော့ ချစ်သူလေးပြောတဲ့အတိုင်း အ၀တ်စ တစ်ခုခုကိုမီးလောင်နေတဲ့အနံ့မျိုး

"ဟင် ကို့ ပုဆိုး မှာ "
"ဟိုက် မြတ်စွာဖျားကယ်ပါ"
"ဟုတ်တယ်ဦးလေး ကြီး ပုဆိုးမှာမီးလောင်နေတယ် သားပြောမလို့ "
"ဟ ဘာလို့မပြောတာလဲ ဒိလောက်အရေးကြီးတဲ့ဟာကို"
"အရမ်းအရေးကြီး ရင်တစ်ကနေတစ်ထောင်ထိ ရေဆိုလို့"
"သေစမ်း"
"လုပ်ကြပါဦး"
ဒီအချိန်မှာ လမင်းငယ်လေးက မယ်ဇလီပင်ကြီးမှာ ထောင်ထားတဲ့ မီးဂတ်သံပြားကြီးကို ယူချလာပြီး ရှေ့တည့်တည့်ကနေတဘုန်းဘုန်းနဲ့ ရိုက်နေတာ့တာပဲ မီးငြိမ်းတာလား မကျေနပ်တာလားတော့မသိဘူး။ ဒါပေမယ့်မီးကငြိမ်း မသွားဘူး ။
" မရဘူး ပုဆိုးချွတ်ချလိုက်"
" မလုပ်နဲ့ မလုပ်နဲ့ ငါ့မှာဒီတစ်လွှာထဲပါတာ"
လို့ပြောရင်း ပုဆိုးရဲ့ပေါင်အထက်ပိုင်းနား မီးစွဲနေတဲ့နေနရာကို လက်နဲ့ခါဖို့ ကျွန်တော်ကြိုးစားပေမယ့် မီးကငြိမ်းမသွားဘူး
"ဦးလေး ငြိမ်ငြိမ်လေးနေ ကျွန်တော်ငြိမ်းပေးမယ် "
ဆိုပြီး ကောင်လေးက မီးစွဲနေတဲ့ နေရာကို ဖနှောင့်နဲ့ပြေးပေါက်တယ်
" အင့် အမငြီး ကွဲကုန်ပါပြီ "
ကျွန်တော်လည်းဒင်းလေးရဲ့ကန်ချက်အောက်မှာ မဟန်နိုင်ပဲ ခွေခွေလေး လဲကျသွားတယ်။ ဒါတောင် အရှိန်မသေသေးတဲ့မီးကို ဖနှောင့်နဲ့ပြေးပြီး ခြေထောက်နဲ့နင်းခြေရင်း
"မီး ဗျို့မီး မီး "
လို့အသံကုန်အော်တော့တာပဲ ဒီတော့ တရပ်ကွက်လုံး ၀ိုင်းလာကြ ပြီး မီးစွဲနေတဲ့ နေရာကို ၀ိုင်းခြေထောက်နဲ့နင်းသူကနင်း ခြေသူကခြေ တစ်ယောက်တစ်လက် နဲ့ တက်ညီလက်ညီ ငြိမ်းသက်ဖို့ကြိုးစား ကြတဲ့ ဒီရပ်ကွက် ရဲ့ စေတနာ ဆယ်ခါပြန် အီဆလံပါ ပဲ လူကို ဗက်လပိုင် လိုက်ရော။နောက်ဆုံးမှာ အဒေါ်ကြီးတစ်ယောက်က သံဘာလီချိုင့်ကြီးနဲ့ ရေခပ်လာပြီး ၀ုန်းခနဲ လောင်း ချလိုက်မှ အရှိန်နဲ့တောက်နေတဲ့ မီးဟာငြိမ်းသွားတယ် လူတစ်ကိုယ်လံးလည်း ရွှဲရွှဲစိုသွားတာပေါ့။




တကယ်ဆိုပိုးဖလံက မီးထဲကိုတိုးမိလို့မီးလောင်ခံရတာပါလမင်းငယ်။ ကျွန်တော်က ကိုယ့်ကိုကိုယ်ပြန်မီးနဲ့ရှို့မိတဲ့အဖြစ် လူဖြစ်ရှုံးပြီထင်ပါရဲ့။ လူတစ်ကိုယ်လုံးလည်းစိုရွှဲနေပြီး ချမ်းကလည်းချမ်းနဲ့ ကြေကွဲသွားတဲ့ဒါဏ်ရာကို အသက်ထွက်မတက် ခံစားရင်း တကိုယ်လုံး မျော့မျော့ပဲကျန်တော့တယ်။ ဒီအချိန်မှာလမင်းငယ်ရဲ့မိဘတွေပြန်ရောက်လာကြပြီး မီးလန့်လို့ ရောက်လာတဲ့ ရပ်ကွက်လူကြီးတွေနဲ့ အကြောင်းအရာတစ်ခုကို အသည်းအသန် ငြင်းခုံနေကြတယ်။ မိဘတွေရဲ့အလယ်မှာခေါင်းငုံ့ပြီး တစ်စုံတစ်ရာကို ရှင်းပြဖို့ အပြင်းအထန် ကြိုးစားနေတဲ့ လမင်းငယ်ရဲ့ပုံရိပ်က ကျွန်တော့်မြင်ကွင်းထဲမှာ ပေါ်လာတော့အနားကပ်ဖို့ ကြိုးစားဆဲမှာ
" ဟိတ်ကောင် မင်း ဘယ်ကကောင်လဲ ထွက်သွားစမ်း"
လမင်းငယ်အဖေရဲ့ အသံက ခက်ထန်မာကြောလွန်းနေတယ် လမင်းငယ်ရဲ့ လက်ကိုအတင်းဆွဲခေါ်သွားတဲ့ လမင်းငယ်မိသားစုကို လိုက်ပြီးရှင်းပြဖို့ ကြိုးစားချင်ပေမယ့် အခြေနေအားလုံးဟာ ဖြေရှင်းခွင့် မရနိုင်လောက်အောင်ပဲ တင်းမာလွန်းနေတယ်။ ကျွန်တော်ရဲ့ အိမ်ပြန်လမ်းလေးဟာလည်း ကြေကွဲဒါဏ်ရာတွေ တနင့်တပိုးနဲ့ပေါ့။



နောက်တစ်နေ့မှာ လမင်းငယ်ကို တွေ့ခွင့်ရမလားလို့ ကြိုးစားမိတယ်
"ကျွန်တော်ကို ခဏလေးတွေ့ခွင့်ပေးပါ"
"မင်းကို ငါ့သမီးနဲ့ ဘာမှပေးတွေစရာအကြောင်းမရှိဘူး "
" ဦးကျွန်တော်တောင်းပန်ပါတယ် ကွန်တော်တို့ကိုမခွဲပါနဲ့ "
" ငါခွဲတာမဟုတ်ဘူး"
" ဒါဆိုရင် ကျွန်တော်ခဏလေးတွေ့ပါရစေ "
"မင်းကို တွေ့မပေးနိုင်ဘူးလို့ဘယ်နှခါပြောရမလဲ ငါပြောနေတာ အားလုံး ဟာလည်း သူ့အတွက်ပဲ မင်းသူ့ကိုချစ်တယ်ဆို ရင်သူရွေးချယ်ထားတဲ့ဘ၀ကို နှောက်ယှက်ဖို့ မကြိုးစားပါနဲ့ သူလည်းမင်းကိုမတွေ့ချင်ဘူး "
"ဗျာ ဒါသူ့ဆန္ဒလား "
"အေး ဟုတ်တယ် ငါရှည်ရှည်ဝေးဝေးဆက်မပြောချင်ဘူး မင်းပြန်တော့"
ကျွန်တော် စကားတစ်ခွန်းမှပြန်မပြောနိုင်ခင်မှပဲ လမင်းငယ်ရဲ့ အဖေကခြံတခါးကို သော့ခတ်ပြီး အိမ်ထဲဝင်သွားတယ် ခြံဝမှာအဓိပ္ပါယ်မဲ့ အော်ဟစ်နေမိပေမယ့် ချစ်သူ့ရဲ့ အခန်းပြတင်းတံခါးက အရင်လိုလှုပ်ရှားခံစားမှုမရှိ သွေးအေး ငြိမ်သက်လွန်းနေတယ် ။
" လမင်းငယ် "
" လမင်းငယ် "
လမင်းငယ်သိပ်ရက်စက်တယ်လို့ နှလုံးသားတွေပွင့်ထွက်သွားအောင် အော်ဟစ်နေမိတယ်။ ဒါဟာ လမင်းငယ်မှ ဟုတ်ရဲ့လား လမင်းငယ်ရယ် ။
"သစ္စာရှိရှိချစ်နေမယ် ကိုကိုနဲ့ လမင်းငယ် တို.နှစ်ဦးကသာ လမင်းငယ်တို့ ချစ်ခရီးကို အဆုံအဖြတ်ပေးသွားမှာပါ"
လို့ ကျွန်တော့်ပခုံးကို မှီရင်း ပြောခဲ့တဲ့လမင်းငယ်မှဟုတ်ရဲ့လား။ သူမှီအုံးခဲ့တဲ့ ကျွန်တော့ပခုံလေးတောင်မှ သူ့ရဲ့သနပ်ခါးရနံ့ လေးမပျယ်ခင် သူနှုတ်စကားတွေက်ု ဗလောင်းဗလဲ ပြောင်းလဲ ပစ်နိုင်ပြီလား လို့ မေးနေမိတယ်။ အေးမြတဲ့ဆောင်းလေက ခြေဖျားလက်ဖျားတွေကို ဓာသွားနဲ့ တတိတိမွှန်းသလို ပဲ ကျွန်တော့်ရင်းထဲက အသဲနှလုံး ကိုလဲ သူပုံရိတ်တွေ စစ်ခနဲစစ်ခနဲ နာကျင်နေအောင် ပြုစါရင်းလှောင်ပြုံးနေသိုခံစားနေရတယ် ။
အပြောင်းလဲမြန်လွန်းတဲ့ လမင်းငယ်
ရက်စက်လွန်းတဲ့လမင်းငယ်
နောက်ပြီး
နောက်ထပ်ပြီး သူ့အတွက် နာကျင်နေတဲ့ စကားလုံးတွေနဲ့ အဓိပ္ပါယ်ဖွင့်ဆို နေမိတယ်
" လမင်းငယ်ရယ် ငါအရမ်း ချစ်တာမင်းသိရက်နဲ့ "
လို့ အသံတိတ်ငိုကြွေးမှုတွေ အကြိမ်ကြိမ်နဲ့ ညပေါင်းများစွာကို ခုထိတိုင်အောင် ဖြတိကျော် ခဲ့ရတယ် ။
ရက်သတ္တပတ် ပေါင်းများစွာ ချစ်ရသူအိမ်ရှေ့မှာ ၀ိဥာည်တစ်ကောင်လို ဝေ့၀ဲနေမိတယ်။
ပါကျဲရိုးကား မြင့်မြင့်လေးရဲ့နောက်ခန်းမှာ အခြားသူစိမ်း တစ်ယောက်ရဲ့ ယုယမှုတွေနဲ့ အတူပါသွားတက်တဲ့ ချစ်သူကိုလည်း နှုတ်ဆက်ခွင့်မရတဲ့ လမ်းဘေးပလက်ဖောင်း တစ်နေရာကနေပြီး အမည်မဖော်ပြနိုင်လောက်အောင် နာကျင်ခြင်းတွေနဲ့ငေးကြည့်နေရတဲ့ အချိန်တိုင်းမှာ နံဘေးက သူငယ်ချင်းတွေကလည်း တောက်ခေါက်ရင်းခံပြင်းနေကြတယ်။
"အဲဒီကောင်က ဟိုအရင်တုန်းကတိုင် သူနဲ့ သဘောတူထားတဲ့သူတဲ့ကွ"
"ဆရာဝန်လို့ပြောတယ်"
"လက်ထပ်ပြီးနိုင်ငံခြားသွားကြမယ်ဆိုပဲ"
သူငယ်ချင်း မြကျော် နဲ့ သီဟစကား ကိုသူမယုံတ၀က်နှင့်
"ဟုတ်လို့လားကွာ "
"မင်းကလဲကွာ ငါ့အဖေက လ.၀.က မှာအလုပ်လုပ်တာပါ နိုင်ငံခြားသွားဖို့ပုံစံ တစ်ဆယ်ခြောက် လာလုပ်ရင်းသူနဲ့တွေ့တာပေါ့"
သီသက ပုခုံးတစ်ဘက်ကို ပုတ်ရင်း ပြောလာတော့ ကျွန်တော့ငေးမောမှုတွေကို ရပ်တန့်လို့ သက်ပြင်းရှည်တွေနဲ့အတူခေါင်းကိုမော့ရင်း ကောင်းကင်ကို မော့ကြည့်မိတယ်။ လမင်းငယ် မင်းရဲ့သစ္စာတရားက ငါ့မျက်ရည်တွေနဲ့ မထိုက်တန်ဘူး လို့တွေးမိတယ် ကျွန်တော့်ရဲ့နှုတ်ခမ်းထက်မှာ အပြုံးတစ်ဝက်ကို ကွေးကွေးလေးတင်ရင်း သူငယ်ချင်းရဲ့ လည်ပင်းကိုဖက်လို့ ချစ်သူကို သယ်ဆောင်သွားတဲ့ ကားမြင့်မြင့်လေးရဲ့ လမ်းကြောင်းနဲ့ ဆန့်ကျင် ရာအရပ်ကို ခြေဦးတည်လိုက်တယ်။ အချိန်ကြာလာတော့ အဲ့ဒီကားလေးပေါ်မှာ ကျွန်တော် အသည်းနင့်အောင်ချစ်ခဲ့ရတဲ့ ချစ်သူလေးပါ ပါသွားတဲ့အကြောင်း လေညင်းမကူဘဲ သယ်ဆောင်လာတဲ့သူတွေရဲ့ ကရုနာသံတွေက ကျွန်တော့ နှလုံးသားကို ဗူးလေးရာ ဖရုံဆင့်သလို ပိုမို နာကျင်ခံစားစေခဲ့တယ်။




မကြားရဲပေမယ့် ချစ်သူသတင်းကို ထာဝရနားစွင့်ရင်း ကျွန်တော် ဟာ ထီမထင်မဲ့ပြုံးတစ်စုံနဲ့ နှလုံးသားကို ပိုင်ပိုင်နိုင်နိုင် ဖုံးကွယ်တက်လာတယ်။ ချစ်သူ မက်မောတဲ့ လူဂုဏ်တန်အသိုင်းအ၀ိုင်းနဲ့ ငွေရှင်ကြေးရှင် လူတန်းစားတွေကိုလည်း အရွဲ့တိုက်လာတက်တယ်။ ရင်ထဲမှာနာကျင်ခံစားနေရပေမဲ့ သူတဘက်သား ကိုကိုယ့်လိုအဖြစ်မျိုးနဲ့ မကြုံတွေ့ပါစေနဲ့ လို့လှိုက်လှိုက်လှဲလှဲဆုတောင်းပေးနေမိတယ်။ ဒါပေမယ့်လည်း သူအတွက်တော့ ဒီလိုဆုတွေတောင်း နေဖို့မလိုဘူးထင်ပါတယ်။ သူ့ခြေရင်း ခယလာအောင် သူပိုင်တဲ့ငွေနဲ့ ၀ယ်လို့ သူကိုယ်ပိုင်ကားနဲ့ သယ်ဆောင်နိုင်တဲ့သူပဲလေ သူကလူလူဂုဏ်တန်ပဲ ချစ်သူကိုလည်း ပိုင်ဆိုင်ခွင့်ရမှာပေါ့။





သစ်ရွက်ကလေးတွေ ၀ါလိုက်စိမ်းလိုက် ကြွေလိုက်ဝေလိုက်နဲ့ ရာသီတစ်ပတ်မကတာတောင် ရင်ထဲကအလွမ်းတွေက ဝေလို. ကောင်းတုန်း။ ၀န်ကြီးဌာနတစ်ခုရဲ့ ရုံတစ်ရုံးမှာ ၀န်ထမ်းတစ်ယောက်အဖြစ်နဲ့ ဘ၀တစ်ခုကို တည်ဆောက်ရင်း မုန်တိုင်းရင်ခွင်ကို အနည်ထိုင်ငြိမ်သက်အောင် ကျင့်ကြံကြိုးစားဆဲ။ ဒေါင်ကျကျပြားကျကျရှင်သန်ဖို.ကြိုးစားရင်း အတိတ်ခါးခါးတစ်ခွက်က နှလုံးသား လမ်းကြောင်းမှာ ကန်.လန်.ခံ ပျော်ဝင်ဆဲပေါ့။
နာကျင်စရာမြို့လေးနဲ့ ဝေးတဲ့ အရပ်ဒေသတစ်ခုမှာ ဟိုရှေးရှေးတုန်းကဆိုပြီး လွမ်းမောစရာကောင်းပုံပြင်လိုအတိတ်တွေကို သဂြိုဟ်ပစ်ဖို.ကြိုးစားရင်း ကျွန်တော်ဟာ ကိုယ်နှလုံးသားကိုကိုယ်ပြန်ပြီး မြေမြှုတ် မွန်းကြပ်စေလို့ အနာဂတ်ပေါင်းများစွာကို ခံစားချက်မဲ့ ရင်ဆိုင်တက်လာခဲ့တယ်။ ဒါဟာရင့် ကျက်ခဲ့တာဆို လန်းဆန်းမှုဆိုတာ ဘ၀မှာပြန်မရနိုင်တော့ဘူးလို့ ကျွန်တော် တစ်ခါတစ်လေ ၀မ်းနဲမိတယ်။ တစ်ခါတစ်လေဆိုတာထက် အချိန်တိုင်းမဟုတ်ရင်တောင် အကြိမ်ပေါင်းများစွာ အဲသလိုခံစားနေမိတယ်။
ခုတော့ နုပျိုမှု တက်ကြွမှု စိတ်အားထက်သန်မှု တွေမရှိတော့တဲ့ ခြေက်ကပ်ကပ် ဘ၀မှာ ကျွန်တော်ဟာ အရွယ်နဲ့မမျှအောင် တည်ငြိမ်ရင့်ကျက်ကြိုးစားနေမိတယ် ။





" ကိုကောင်းကင် အစ်ကိုနာမည် ကောင်းကင်မဟုတ်လား"
"အာ ဟုတ်ကဲ့ ဟုတ်ပါတယ်"
နောက်ဆုံးပေါ် ကားဒီဇိုင်းလှလှ လေးတစ်စီး က ကျွန်တော့နံဘေး ကို ထိုးရပ်လာရင်း ကားခေါင်း ခန်းမှ အသံကထွက်ပေါ်လာသည်။
အသံရှင်ကို အသေအချာပြန်ကြည့်မှ ကျွန်တော် အသည်းနှလုံးတွေ ထင်သလောက် မတည်ငြိမ်သေး သလို ကျွန်တော့ဒါဏ်ရာဟာလည်း အကင်းမသေသေးကြောင်း သိရှိလိုက်ရတယ် ။
ကျွန်တော် ရဲ.အသည်းနှလုံး ကို ရင်ခွင်ကနေ ရက်စက်စွာ တင်ဆောင်သွားခဲ့ဘူးတဲ့ ဒီကားလေးနဲ့  ကျွန်တော့နှလုံးသားသခင်လေး နောက်ဆုံးမှေးခိုသွားတဲ့ ရင်ခွင်ရှင် လူသား။ ကျွန်တော့ဦးနှောက်ထဲမှာသူအတွက် အမည်တစ်ခုပေးထားတယ် ဓနရှင် လို့ ။ ဟုတ်တယ် ချစ်ခြငိးတရားကို ငွေကြေးနဲ့ဝယ်ယူပြီး ကားတစ်စီးနဲ့တင်ဆောင်သိမ်းပိုက်သွားတဲ့ ဓနရှင်ပေါ့ ။
အစ်ကိုကျွန်တော်ကို သိမလားမသိဘူး "
"သြော် ဟုတ်ကဲ့သိပါတယ်"
ဟာ ၀မ်းသာလိုက်တာ ဗျာ "
ခင်ဗျားရဲ့ဝမ်းသာမှုဆိုတာ ကျွန်တော့်ရဲ့ နှလုံးသားနဲ့များရင်းပြီးမှရရှိလေသလားလို အသံတိတ်ရေရွတ်နေတုန်းမှာ
"ကျွန်တော်အစ်ကိုကို ပြောစရာရှိတယ် "
တကယ်တော့ ကျွန်တော်တို့နှစ်ယောက်ကြားမှာ ပြောစရာဘာမှမရှိတော့ပါဘူး ။
"ပြောစရာရှိတယ်ဟုတ်လို့လား"
"ဟုတ်ကဲ့ အစ်ကို လမင်းငယ်"
သူ့စကားမဆုံသေးခင်
"လမင်းငယ်အကြောင်းဆို ကျွန်တော့အနေနဲ့ ပြည်ဖုံကားချပြီးမှ ဇာတ်ပြန်တိုက် သလိုဖြစ်နေမှပေါ့ "
လို့ပြောပြီးစကားစဖြတ်လိုက်မိတယ် နောက်ပြီး ဟိုးအရင်ကတည်းကပြတ်တောက် သွားတဲ့ ရင်ခုံဘွဲ့ကြိုးတွေကို တွေကို လည်း ပြန်လည် သံစဉ်ညှိမနေချင်တော့ဘူး။
"မဟုတ်ဘူးအစ်ကို "
သူကလှည့်ထွက်သွားဟန်ပြင်နေတဲ့ကျွန်တော့လက်ကို လှမ်းဆွဲရင်း
"ဒီကိစ္စဟာ အစ်ကို့အနေနဲ့ ပြည်ဖုံးကားချပြီးခဲ့ရင်တောင် ကန့်လန့်ကာရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ အစ်ကိုကို သိစေချင်တယ်။ စကားပြောလို့ ကောင်းမယ့်တစ်နေရာကိုသွားရအောင် ကျွန်တော်မှာကားပါလာပါတယ် ။ "




"ကျွန်တော်က မငယ်ရဲ့ မောင်ဝမ်းကွဲပါ လပိုင်းပဲကွာတယ် အစ်ကိုအဲဒီနေ့ညက ပြန်သွားတော့ လမင်းငယ်ကို ဆေးရုံတင်လိုက်ကြရတယ်
"ဗျာကျွန်တော်မသိဘူး"
"ဟုတ်တယ် အစ်ကို လမင်းငယ်မှာ နှလုံးရောဂါအခံရှိတယ်။ အဲဒီရက်ပိုင်းမှာ သိပ်နေမကောင်းလို့ ကျွန်တော်က ဆရာဝန် တစ်ယောက်အနေနဲ့ အိမ်မှာနားနားနေနေ နေဖို့ အအေးသိပ်မခံဖို့ နောက်ပြီးသိပ်စိတ်လှုပ်ရှားစရာတွေမတွေးဖို့ မှာထားရတာ။ နောက်ပြီး ကျွန်တော်နိုင်ငံခြားမှာ နှလုံးပါရကူဘွဲ့ယူဖို့ ကျောင်းသွားတက်တော့ လမင်းငယ်ရဲ့ တို့မိသားစုကကျွန်တော့ကို ၀ိုင်းဝန်း ထောက်ပံ့ကြတဲ့ ကျေးဇူးတွေက ဆပ်မကုန်အောင်များ ပါတယ်"
"သြော်"
"အဲဒီညက ဆောင်းလေကလည်းအေး စိတ်လှုပ်ရှားစရာတွေကလည်း တော်တော်များ သွားတော့ သူခံနိုင်ရည်မရှိရာဘူး"
"ကျွန်တော်သူအိမ်ဘက်ကို ခဏခဏရောက်ဖြစ်ခဲ့ပေမဲ့သူကိုမတွေ့ဘူး"
"အစ်ကိုလာတဲ့အချိန်မှာ သူဆေးရုံတက်နေရတယ် အားလုံးကလည်း အဲဒီနေ့က မီးလန့်တဲ့ အဖြစ်အပျက်တွေကြောင့် အစ်ကိုကို အထင်လွဲနေကြတယ်လေ လမင်းငယ်နဲ့ အစ်ကို မေတ္တာမျှနေကြမှန်း မသိဘူး လမင်းငယ်ကပြန်ရှင်းပြနိုင်တဲ့ အချိန်မှာ အစ်ကိုကို ပြန်ရှာလို့ မရတော့ဘူး အစ်ကိုက ကျွန်တော်တို့ကို အဲသလို ရှောင်နေမှန်းလည်းသိရော သူအရမ်း စိတ်ထိခိုက်သွားတယ် နဂိုကျန်းမာရေး အခြေအနေရယ် စိတ်ဒါဏ်ရာရယ်စုပြီး သူ့ခမျာ ခံစားခဲ့ရရှာတယ် "
"ကျွန်တော်သူကိုရှောင်နေခဲ့တာမှားသွားပြီပေါ့ "
"မငယ် ရဲ့ရောဂါအခြေအနေအရ ကိုယ်ခံအားပြန်ကောင်းလာအောင်ပြုစုပြီး နိုင်ငံခြားကို သွားကုဖို့ ကျွန်တော်ကိုယ်တိုင် အကြံပေးခဲ့တယ် ဆေးရုံကဆင်းဆင်းချင်း နိုင်ငံခြားမသွားခင် အစ်ကိုနဲ့တွေ့ ချင်တယ်လို့ကျွန်တော့်ကို တဖွဖွပြောရှာတယ် ဒါပေမယ့် "
သူစကားသံကတိမ်ဝင်သွားသည်
"ဒါပေမယ့် -- "
ကျွန်တော်စိတ်လှုပ်ရှားစွာထပ်မေးလိုက်မိပြန်တော့။
"ဒါပေမယ့် ဘာဖြစ်လို့လဲ"
"ဒါပေမယ့်အစ်ကိုရယ် ကံကြမ္မာက မငယ်ကို အစ်ကိုနဲ့ ဒီတသက်ပေးမတွေ့ ခဲ့ဘူးအစ်ကို "
"ဗျာ လမင်းငယ် ဘာဖြစ်လို့လဲ"
ကျွန်တော့စကားသံတွေနှုတ်ခမ်းဝမှာတင်ခြောက်သွေ့အငွေ့ပျံသွားတယ် ။
"မငယ်က အစ်ကို့ကို နောက်ဆုံအချိန်ထိသစ္စာရှိရှိချစ်သွားခဲ့တာပါ"
လမင်းငယ်ရယ် ကျွန်တော့ကိုချစ်တဲ့အချစ်တစ်ခုတည်းနဲ့ ရက်စက်လွန်းလှတဲ့ ဆောင်းမြောက်ပြန်လေတွေကိုအံတုပြီး ကျွန်တော့်အတွက် ပျော်စရာညလေးတစ်ည ဖန်ဆင်း ပေးခဲ့တာလားလမင်းငယ်





"ကြွေလွင့်မြေခသွားတဲ့ ကြယ်စင်လေးတွေကို ကိုယ်အတ္တတွေနဲ. ထပ်ပြီး နှိပ်စက် မနေပါနဲ.တော့"
လို့ ဆိုခဲ့တဲ့လမင်းငယ်ရယ် ကျွန်တော့တစ်သက်လုံး အမြဲ တမ်းတသသနဲ့ သတိရနေရတော့မယ့် ဒီလိုညလေးတစ်ညကိုဖန်ဆင်းပေးဖို့ အတွက် လမင်းငယ်ကိုယ်တိုင်ကြွေ အနစ်နာခံကြွေလွင့်ပေးစရာမလိုပါဘူး လမင်းငယ်ရယ်
ခုကျွန်တော့ရင်ထဲမှာ ကြယ်စင်တွေထောင်သောင်းမက အုန်းအုန်းကျက်ကျက်နဲ့ ကြွေကျနေသလိုခံစားရတယ်သိလား။ ရင်နဲ့မဆံ့အောင် ကြွေကျနေတဲ့ဒီကြယ်စင်တွေကို ရေတွက်ဖို့ ကြိုးစားရင်း ကိုယ်လိုရာဆုတွေကို ကိုယ်အတ္တအတွက်မတောင်းဆိုဝံ့တော့ပါဘူး လမင်းငယ်။ ကျွန်တော် တောင်းနေတဲ့ဆုတွေဟာ ကြွေလွင့်သွားတဲ့ ကြယ်စင်လေးအတွက်ပဲဆိုတာလမင်းငယ် သိနိုင်ပါဦးမလား။ ဒူးထောက်ထိုင်နေမိတဲ့ အုတ်ဂူဖြူဖြူလေးပေါ်မှာ ကျွန်တော့မျက်ရည်တွေနဲ့ ရွှဲနစ်နေပြီ။ လမင်းငယ်ရဲ့ သစ္စာတရားကို အထင်သေးမိတဲ့ကျွန်တော့ရဲ့နှလုံးသားကို ဘယ်လို ခန္ဓီတရားတွေနဲ့ သည်းခံ ခွင့်လွှတ်ရမှာလဲ။ မျက်ဝန်းထဲကမျက်ရည်တွေ ပြိုမကျအောင်ထိမ်းလို့ ကောင်းကင်ကြီးကို မော့ကြည့်ပြီး သက်ပြင်းရှည်တွေနဲ့တင်းကျပ်ခဲ့တဲ့ ဒီရာသီတစ်ခုစာ အလွမ်းတွေကို လမင်းငယ်ရဲ့ခြေရင်းမှာ စမ်းချောင်းလေးတစ်ခုအဖြစ်နဲ့စီးဆင်းခွင့် ပေးပါတော့လို့
တောင်းပန်ရင်း ။
ဒါဟာ ကြယ်တစ်စင်းကြွေကျခဲ့တာပါဆိုရင်
အဲဒီအတွက် တောင်းခဲ့တဲ့ကျွန်တော့ရဲ့ တောင်းဆုဟာ
အတ္တတွေနဲ့ ဖွင့်ဆိုမိခဲ့ရင်
ဒါဟာ အဖြူရောင် အတ္တလေးမို့ လမင်းငယ်နားလည်ပေးပါလို့
တောင်းပန်ရင်း ။
တောင်းပန်ရင်း ။
တောင်းပန်ရင်း ။
တောင်းပန်ရင်း ။ ။

Thursday, August 6, 2009

Remember














Remember me when I am gone away,
Gone far away into the silent land;
When you can no more hold me by the hand,
Nor I half turn to go yet turning stay.
Remember me when no more day by day
You tell me of our future that you plann'd:
Only remember me; you understand
It will be late to counsel then or pray.
Yet if you should forget me for a while
And afterwards remember, do not grieve:
For if the darkness and corruption leave
A vestige of the thoughts that once I had,
Better by far you should forget and smile
Than that you should remember and be sad.


Christina Georgina Rossetti

ဒီပုံကို ရယူထားတဲ့ Website ကိုလေ့လာချင်ရင်